လူတစ်စုပျော်ကြသည့် ရန်ကုန်မြို့မှ ခရစ္စမတ်ပွဲ
---------------------------
စစ်ကောင်စီ၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်သည့် ကချင်၊ ကရင်၊ ကယား(ကရင်နီ) ပြည်နယ်များတွင် ခရစ္စမတ်ကာလကို တိတ်ဆိတ်စွာ ဖြတ်သန်းနေကြရသော်လည်း ရန်ကုန်မြို့တွင် လူတစ်စုက ဝင်ကြေးကောက်ခံ၍ Christmas Carnival ခေါင်းစဉ်ဖြင့် ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည်။
ရန်ကုန်မြို့၊ အင်းလျားလမ်း၊ ရန်ကုန်ရွက်လှေအသင်းဘေးရှိ ရွှေအင်းလျားကျွန်းတွင် မျိုးကျော့မြိုင်၊ ဝေကြီး အစရှိသည့် နာမည်ကြီး အဆိုတော်များ၊ DJ များပါဝင်သည့် ဖျော်ဖြေပွဲကို တစ်ဦးလျှင် ဝင်ကြေး ကျပ်တစ်သောင်းနှုန်းဖြင့် ဒီဇင်ဘာ ၂၅ ရက် မှ ၂၇ ရက်အထိ သုံးရက်တိုင် ပြုလုပ်နေသည်။
၂၀၂၁ အာဏာသိမ်းစတွင် ဖမ်းဆီးခံခဲ့ရကာ ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ -က ဖြင့် ထောင်သုံးနှစ်ချခံရပြီး သုံးလဝန်းကျင်အကြာ ၂၀၂၂ မတ်လဆန်းတွင် ပြန်လွတ်လာသည့် နာမည်ကြီးသရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်လည်း ထိုပွဲသို့ တက်ရောက်သည်ကို တွေ့ရသည်။
ထို့အတူ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပျော်ပွဲရွှင်ပွဲများပြုလုပ်မှုဖြင့် အများ၏ ဝေဖန်မှုကို ခံနေကြရသည့် Y3llO ၊ အွန်လိုင်းဆယ်လီ ဘိလပ်ပြန်တို့လည်း Christmas Carnival တွင် ပါဝင်ဆင်နွှဲနေသည်။
အဆိုပါ ရွှေအင်းလျားကျွန်းတွင် အောက်တိုဘာလကုန်ကလည်း Halloween ပွဲပြုလုပ်ခဲ့သေးသည်။ ထို Halloween ပွဲမတိုင်မီ တစ်ပတ်အလို အောက်တိုဘာ ၂၃ ရက်တွင် ကချင်ပြည်နယ် ဖားကန့် မြို့နယ် အနန့်ပါ ဒေသရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူ ၁၀၀ ကျော် သေကျေဒဏ်ရာရသည့် ဖြစ်စဉ်ရှိခဲ့သည်။
ဓာတ်ပုံများ-ဝေဝေဦး/Myanmar Now















No comments:
Post a Comment